Sunday, 6 January 2019

Home » » ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲကို ဟားခါးမြို့တွင်သာ ယခုနှစ်ဆက်ကျင်းပမည်

ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲကို ဟားခါးမြို့တွင်သာ ယခုနှစ်ဆက်ကျင်းပမည်


Salai Khup Khup
ပြည်နယ်အဆင့်ကျင်းပမည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်ရှိ အခြားမြို့များတွင် တည်းခိုမှုပိုင်း အခက်ခဲများရှိ ၍ ယခုနှစ်တွင်လည်း ဟားခါးမြို့တွင်သာ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယူကပြောသည်။
ဦးရွှေထီးယူက “ချင်းပြည်နယ်မှာရှိတဲ့ မြို့တော်တော်များများမှာ ဆိုရင် တည်းခိုမယ့် နေရာ ပိုင်းမှာ အခက်အခဲ တော်တော်များရှိတယ်။ ပလက်ဝမြို့ တို့လိုမျိုးဆိုရင် လူနှစ်ဆယ်တည်းမယ့် နေရာမရှိဘူး။ မတူပီလည်း အဆင်မပြေဘူး။ ဘယ်မှာမှ အဆင်မပြေသေးဘူး။ ဖလမ်းမှာက ကြီးကြီးကျယ်ကျယ် တစ်နှစ်လောက် လုပ်တဲ့ အတွက် သင့်တင့်လျောက်ပက်စွာအဆင်ပြေတယ်ပေါ့”ဟုပြောသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချင်းပြည်နယ် အစည်းအဝေးခန်းမတွင် ဇန်နဝါရီ (၃)ရက်နေ့တွင် ကျင်းပခဲ့သည်။
ယခုနှစ်ပြည်နယ်အဆင့် ကျင်းပမည့် ချင်းအမျိုးသားနေ့ကို တီးတိန်မြို့တွင် ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တရားဝင် လျာထားခြင်းမရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောသည်။
ဝန်ကြီး ဦးရွှေထီးယူက “တီးတိန်မြို့မှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ တင်ပြတာမျိုး တွေတော့ မရှိဘူး။ ကောလဟာလပါ။ နိုင်ငံတော်သမ္မတနဲ့ အခြားအကြီးအကဲ
တွေလာရင် တည်းခိုဖို့ဆိုလို့ အဆင့်မီတည်းခိုနိုင်တဲ့ နေရာတွေမရှိဘူး။ အဲဒါတွေကြောင့် တီးတိန်မှာ ကျင်းပဖို့ အဆင်မပြေသေးဘူး။ တကယ်လို့ နိုင်ငံတော် အဆင့်အနေနဲ့ လုပ်ပေးနိုင်တယ်ဆိုရင်တော့ တီးတိန်မှာလုပ်ဖို့လည်း သင့်တော်တယ်” ဟုပြောသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ချင်းရိုးရာခေါင်ကြွဲ ( Khuang Cuai) ပွဲ ၊ ရိုးရာနပန်းပြိုင်ပွဲ၊ အထွဋ္ဋ်အမြတ်တိုင်(ခ) ဘွေ့တိုင်စိုက်ထူပွဲ၊ ရိုးရာယဉ်ကျေးမှုအကများ ဖြင့်ဖျော်ဖြေခြင်းနှင့် ဌာနဆိုင်ရာ ပြခန်းများခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၃ခုနှစ်မှစတင်ပြီး​​ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် ဦးစီးပြီး ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့များကို ဟားခါးမြို့တွင် သုံးကြိမ်၊ မင်းတပ်မြို့တွင် တစ်ကြိမ်၊ ဖလမ်းမြို့တွင် တစ်ကြိမ် ကျင်းပခဲ့ပြီဖြစ်ပြီး နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

CHIN WORLD 

Share this games :

No comments: